+ 95 1 640 399 [email protected]
Select Page

ကျွန်ုပ်တို့အကြောင်း

၁။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ (ဧဒင်ရိပ်မြုံ) သည် ၂၀၀၀ ခုနှစ် ဧပြီလ (၁၈) ရက်နေ့တွင် ဦးထာအုပ် (အကြောအဆစ်ကျွမ်းကျင်သူ) နှင့် ဒေါ်လီလီယံကြီး (အထူးပညာရေးဆရာမနှင့် မသန်စွမ်းသက်ငယ်ကျောင်းအုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန) တို့မှ ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏ လိုအပ်နေသော ပြန်လည်ထူထောင်ရေး၊ အထူးပညာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို ပေးဆောင်ရန်အတွက် ဖွဲ့စည်းခဲ့သော ပရဟိတလုပ်ငန်းတစ်ခု ဖြစ်ပါ သည်။ အမြတ်အစွန်း ရရှိရန်အတွက် မဟုတ်သည့်၊ အရပ်ဖက်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

၂။ ဧဒင်ရိပ်မြုံသည် မသန်စွမ်းကလေး (၁၄) ဦးထံလိုအပ်နေသော ၀န်ဆောင်မှုများကို သူတို့၏ နေအိမ်သို့ သွားရောက်ကာ လိုအပ်သော ၀န်ဆောင်မှုများပေးခြင်းဖြင့် စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အဖွဲ့အစည်းပိုင် ကျောင်း ဖြစ်သည့် အမှတ် (၅၆)၊ ၀ါဦးကျောင်း (၄) လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်၊ ရန်ကုန်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် မေလ (၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသင်းအဖွဲ့ တည်ရှိနေမှုကို အသိအမှတ်ပြုပေးသည့် လက်မှတ် ထုတ်ပေးခဲ့ပါသည်။

၃။ ဧဒင်ရိပ်မြုံစတင်တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်ခန့်တွင် ဧဒင်ရိပ်မြုံသည် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည် မသန်စွမ်းကလေးများ အတွက် ဖွင့်လှစ်သော ပထမဦးဆုံး အရပ်ဖက်အဖွဲ့အစည်း (၀န်ဆောင်မှုပေးသည့်ကျောင်း) တစ်ခုဖြစ်ခဲ့ပါသည်။ ဧဒင်ရိပ်မြုံအနေဖြင့် ၀န်ဆောင်မှုများကို အရည်အသွေးရှိစွာ ပေးသည့်အပြင် မသန်စွမ်းမှုနှင့် ပတ်သက်သော အသိပညာ ဖြန့်ဝေရေး ကဏ္ဍတွင်လည်း တက်ကြွစွာ ပါ၀င်လုပ်ဆောင် လာခဲ့ပါသည်။

၄။ ဧဒင်ရိပ်မြုံစတင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစပြီး ယနေ့ ၂၀၁၄ ခုနှစ်အထိ လက်ခံပေးနေသည့် မသန်စွမ်း ကလေးဦးရေသည် နှစ်တိုင်း တိုးတက်နေပါသည်။ ယခု ၂၀၁၄-၁၅ စာသင်နှစ်တွင် မသန်စွမ်းကလေး (၁၆၀) ဦးကို ကျောင်းသားအနေဖြင့် စာရင်းသွင်း လက်ခံနိုင်ခဲ့ပါသည်။ ဧဒင်ရိပ်မြံုတွင် ပေးနေသည့် ၀န်ဆောင်မှုများသည်လည်း တိုးပွားနေပြီး ယခုအခါ ၀န်ဆောင်မှု အမျိုးအစား ဆယ်မျိုးကျော် ပေးနေနိုင်ပြီဖြစ်ပါသည်။ မိဘများနှင့် အခြားအကျံုးဝင် သက်ဆိုင်သူများကိုလည်း လိုအပ်နေသည့် အခြေခံ ပြုစုနည်း သင်တန်းများပေးခြင်း၊ အခြားအဖွဲအစည်းများနှင့် လက်တွဲပြီး မသန်စွမ်းနယ်ပယ်တွင် တက်ကြွစွာပါ၀င်ပြီး စီမံချက်များ ရေးဆွဲအကောင်အထည်ဖေါ် လုပ်ဆောင်နေပါ သည်။

၅။ လက်ရှိတွင် ဧဒင်ရိပ်မြုံသည် ၀န်ဆောင်မှု အမျိုးအစားသစ်များ ဥပမာ – ရေကုထုံး (Hydrotherapy)၊ အနုစိတ်ကုထုံး (Occupational Therapy)၊ ဂီတကုထုံး (Music Therapy)၊ အာရုံခံစားမှုဆိုင်ရာကုထုံး (Multi-sensory Therapy) အစရှိသည်တို့ကိုလည်း ပေးနေပါသည်။ လူမှုရေးအရာရှိ၊ မသန်စွမ်း အားကစားကဏ္ဍများတွင်လည်း ကျွမ်းကျင်သူများကို ခန့်ထားပါသည်။ နိုင်ငံခြားမှ ကျွမ်းကျင်သူများ၏ ပါ၀င်လုပ်အားပေးနေသည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။ လိုအပ်နေ သော ဆွေးနွေးတိုင်ပင်ခြင်း ၀န်ဆောင်မှု (counseling service) များကိုလည်း ကျွမ်းကျင်သူမှ ၀န်ဆောင်မှု ပေးနေပါ သည်။

၆။ လက်ရှိတွင် ဧဒင်ရိပ်မြုံသည် တက်ကြွစွာဖြင့် မသန်စွမ်းမှုနယ်ပယ် အချို့ကဏ္ဍများတွင် ဦးဆောင်သည့် နေရာယူပြီး အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။ ရပ်ရွာအခြေပြုပြန်လည် ထူထောင်ရေး လုပ်ငန်းစီမံချက် (Community Based Rehabilitation (CBR) project) ၊ လူတိုင်းအကျံုးဝင် ပညာရေးစီမံချက် (Inclusive Education (IE) project) နှင့် အခြားစီမံချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နေသလို မသန်စွမ်းမှုနှင့်ပတ်သက်ပြီး အခြားအဖွဲ့များနှင့် လက်တွဲကာ အခြေအနေပေးသလို၊ အခွင့်အရေးရသည့် အခါတိုင်း ပူပေါင်းဆောင်ရွက်နေပါသည်။

၇။ ဧဒင်မသန်စွမ်းရိပ်မြုံအနေဖြင့် မသန်စွမ်းမှုအမြင်သစ် (Social Model of Disability) ကို ပြည်သူလူထုထံ ဖြန့်ဖြူးပေး နေသည့်အဖွဲ့တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မသန်စွမ်းမှုကို ပရဟိတအမြင် (Charity approach) ဖြင့် ရှုမြင်ခဲ့ခြင်းမှ လူမှုရေးအမြင် သို့မဟုတ် လူအခွင့်အရေးအမြင် (Social or Right Based approach) ဖြင့် ပြည်သူလူထုမှ ပြောင်းလဲရှုမြင် လာနိုင်ရေးကို အဓိကအရေးကြီးသော လုပ်ငန်းတစ်ရပ်အဖြင့် သတ်မှတ်ကာ အသိပညာ ဖြန့်ဝေခြင်း လုပ်ငန်းကို လုပ်ဆောင်နေပါသည်။ ဧဒင်မသန်စွမ်းရိပ်မြံုအနေဖြင့် မြန်မာနိုင်ငံတွင် မသန်စွမ်း အရေးကိစ္စရပ်ကို ဥပဒေလမ်းကြောင်းဖြင့်၊ သင့်လျှော်သည့် မူဝါဒများ ချမှတ်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်း လာနိုင်ရန်အတွက် လိုအပ်နေသော အသိပညာပေးခြင်းများ၊ advocacy ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်နေပါမည်။

၈။ ဧဒင်မသန်စွမ်းရိပ်မြံု၏ အနာဂတ်မျှော်မှန်ချက်အနေဖြင့် မသန်စွမ်းကလေးများအတွက်သာမက မသန်စွမ်းထု တစ်ရပ်လုံး အတွက် အကျံုးဝင်သည့် လူအဖွဲ့အစည်းဖြစ်လာရေးကို အမြဲဦးတည်ထားပြီး မသန်စွမ်းမှုကို လူမှုရေးအမြင် ရှုထောင့်မှ ရှုမြင်ကာ နိုင်ငံအနှံ့ကြိုးစား၍ တတ်နိုင်သည့်ကဏ္ဍ၊ နယ်ပယ်မှနေပြီး ဆက်လက်ကြိုးစား ဆောင်ရွက် နေဦးမည်ဖြစ်သည်။ လူမျိုး၊ ယုံကြည်ကိုးကွယ်သည့်ဘာသာ၊ ကျား/မ၊ မသန်စွမ်းမှု အစရှိသည်တို့ကိုမခွဲခြားဘဲ တန်းတူ လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။